လောကဒဏ်
လူ့ဘဝ၏ ကံကြမ္မာ ရဟတ်ကြီး ရဲ့ အလှည့်အပြောင်းက အလွန်ပင် ဆန်းကြယ်လွန်းလှသည်။ ကျွန်မ၏ ဘဝတစ်လျှောက်လုံးတွင် လူအမျိုးမျိုး ၏ ဘဝပြဇာတ်များကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခဲ့ရသည်။ ထိုအထဲတွင် ကိုယ်တိုင် ဝင်ကရသော ဘဝရသ ပြဇာတ်များရှိသကဲ့သို့ မိမိ၏ ဆွေမျိုးအရင်းချာများ ၊ ဆွေမျိုးမတော်စပ်သော ရင်းနှီးသည့် မိတ်ဆွေများ၊ ရွယ်တူ တန်းတူ သူငယ်ချင်း အပေါင်းအသင်းများ ၏ ဘဝ ဆန်သည့် ပြဇာတ်များကို လောကဇာတ်ခုံပေါ်တွင် အကြိမ်ကြိမ် အခါအခါ ကြည့်ရှူခဲ့ပြီးဖြစ်ပါသည်။ကျွန်ုပ် ငယ်ရွယ်စဉ် ခလေးဘဝ ကာလက လူတချို့သည် ဖိန့်ဖိန့်တုန်အောင် ဥစ္စာဓန ပေါကြွယ်ဝကြ၍ မာန်မာန ထောင်လွှားကြသည်။ သူတို့ဘဝကို အလွန်အမင်း ကျေနပ်တက်ကြ၍ တစ်ပါးသူများအား ချိုးနှိမ် ၍ ဆက်ဆံကြသည်။ ချိုးနှိမ်၍ ဆက်ဆံရာတွင် ဆင်းရဲနွမ်းပါးသူများအား ပို၍ ဖိနှိပ် မကောင်းပြောဆို တက်ကြသည်။ ဥစ္စာဓန ပေါကြွယ်ဝသကဲ့သို့ စိတ်ဓာတ်ရေးရာတွင်လည်း ပြည့်စုံချမ်းသာ သူများလည်းအမြောက်အမြားရှိပါသည်။ ထိုသို့ ဥစ္စာဓန ကြွယ်ဝသူများရှိသကဲ့သို့ ပိုက်ဆံမချမ်းသာသော်လည်း စိတ်ပိုင်းဆိုင်ရာကြွယ်ဝချမ်းသာသူများ၊ ငွေကြေးချမ်းသာမှုလည်းမရှိ၊ စိတ်ဓာတ်အားဖြင့်လဲ အတိမှောင်မိုက်၍ နေသူများအားလဲ တွေ့ဖူး မြင်ဖူး ကြားဖူးခဲ့ပါသည်။
ကျွန်ုပ်၏ မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်နှစ်ခုအား ဖော်ပြပေးချင်ပါသည်။ ကျွန်ုပ်တို့ ရပ်ကွက်ထဲမှ ဒေါ်ရီ နှင့် ဒေါ်ကြည် (အမည်လွှဲ) မိသားစုနှစ်စု၏ အဖြစ်အပျက်များကို သင်ခန်းစာယူတက်စေရန် ဖော်ပြပေးချင်ပါသည်။ကျွန်ုပ်ငယ်ရွယ်စဉ်အချိန် လွန်ခဲ့သော ဆယ်စုနှစ်ခန့်က ဖြစ်မည်။ ဒေါ်ရီတို့မိသားစုတွင် မိသားစု စုစုပေါင်း ငါးယောက်ရှိသည်။ ဒေါ်ရီ ၊ ဒေါ်ရီ့အမျိုးသား နှင့် သားနှစ်ယောက် သမီးတစ်ယောက် ရှိကြသည်။ ဒေါ်ရီတို့သည် မိသားစုငါးယောက်လုံး အလုပ်လုပ်ကြသည်။ ထိုအချိန်တွင် သူတို့မိသားစုသည် တစ်နေ့လုပ် တစ်နေ့စား ပုံစံခွက်ထဲတွင် ပုံမှန် ရှိကြသည်။ မိသားစုငါးယောက်စလုံး တက်ညီလက်ညီ ကြိုးစားကြသည်။ ရှာဖွေစုဆောင်းကြသည်။ ဒေါ်ကြည်တို့မိသားစုတွင် လည်း ဒေါ်ကြည်၊ ဒေါ်ကြည့်အမျိုးသား နှင့် သမီးနှစ်ယောက်၊ သားတစ်ယောက် ရှိကြသည်။ ဒေါ်ကြည်တို့မိသားစုသည် ဒေါ်ကြည့် အမျိုးသား လုပ်အားခ ဖြင့် ပြည့်စုံ ချောင်လည်ကြသည်။ ချမ်းသာသည့်မိသားစုထဲတွင်ပါဝင်သည်။ ဒေါ်ကြည့်သမီးနှစ်ယောက်စလုံးတွင်မူ ဘော်ကြေယ့ သူဌေးသမီး များဖြစ်ကြသဖြင့် မလုပ်တက်မကိုင်တက် အလုပ်ဆိုသည်မှာ သူတို့နှင့်မဆိုင်ဟုတွေးထားကြသည်ထင်သည်။ဒေါ်ကြည့်သားမှာလည်း အပေါင်းအသင်းများနှင့်သာ အချိန်ကုန်တက်သူဖြစ်သည်။အလုပ်အကိုင်မယ်မယ်ရရမလုပ်ပဲ ဖခင်ဖြစ်သူ၏ လုပ်အားခဖြင့်သာ အေးအေးဆေးဆေးနေတက်သူပင်ဖြစ်သည်။ ထိုမိသားစုနှစ်စုသည် ကျွန်ုပ်ငယ်စဉ်အချိန်ခါတွင် ကျွန်ုပ်၏စိတ်ထဲတွင် ဒေါ်ကြည့်မိသားစုအား အလွန်ပင်အားကျခဲ့သည်။ ဒေါ်ကြည် တို့တစ်မိသားစုလုံးဟာ ကောင်းကောင်းဝတ်ကောင်းကောင်းစားနိုင်ကြသည် ဟု တွေးခဲ့သည်။
မြန်မာရုပ်ရှင်ကားများအတိုင်း ဆယ့်ငါးနှစ်ခန့်ကြာသော် ဟု စာတန်းထိုး၍ အချိန်ကာလအားကျော်လိုက်လျှင် ကျွန်ုပ်လာ်း အသက်နှစ်ဆယ်ကျော် လူလတ်ပိုင်းအရွာ်သို့ ရောက်ရှိလာခဲ့ပြီ။ ထိုဒေါ်ကြည်တို့ မိသားစုသည် စီးပွားရေး ချုံးချုံးကျ၍ ၎င်းတို့နေအိမ်ကိုပင် ရောင်းချလိုက်ရသည်အထိဖြစ်သွားခဲ့သည်။ဒေါ်ရီတို့မိသားစုတွင်တော့ ယခင် ပျဉ်ထောင်အိမ် ထရံကာလေးမှ ယခု သုံးထပ်တိုက်အဆောက်အဦးဖြင့် ပတ်ဝန်းကျင်ဲတွင် ဝံ့ဝံ့ကြွားကြွားရပ်တည်နေနိုင်ခဲ့သည်။ ထို မိသားစုနှစ်စုခြားနားသွားခြင်းမှာ အကြောင်းအရာ မျိုးစုံ မြောက်များစွာရှိပါသည်။ သေချာသည့်တစ်ခုကတော့ ဒေါ်ကြည်တို့မိသားစုဟာ လောကဓံစာမေးပွဲကို အောင်မြင်စွာမဖြေဆိုနိုင်ခဲ့ကြခြင်းပါ။ ဒေါ်ရီတို့မိသားစု အနုတ်ဘဝမှ အပေါင်းလက္ခဏာဘဝသို့ ကူးပြောင်းလာခဲ့သည်မှာ ဘဝရဲ့ အဓိကသော့ချက်ကိုရှာတွေ့သွားခြင်းဖြစ်သည်ဟု ကျွန်ုပ်အနေဖြင့် ထင်မြင်ယူဆမိပါတော့သည်။photo from google